Chapter -1 When Time Begins to Crack
"There are promises that people forget... and there are promises that time itself refuses to erase."
[ Aurelia Empire ]
ညဉ့်နက်သန်းခေါင်ယံအချိန်၏ ဆိတ်ငြိမ်လှသော ညအမှောင်ထုသည် Aurelia အင်ပါယာကြီးတစ်ခုလုံးကို တိတ်ဆိတ်စွာ ဖုံးလွှမ်းထားသည်။
ခေတ်လွန်နည်းပညာမြင့်မားလှသည့် အဆောက်အအုံများဆီမှ ထွက်ပေါ်နေသော မီးရောင်စုံများနှင့် ကောင်းကင်ယံအနှံ့ တဖိတ်ဖိတ်လင်းလက်နေသည့် ကြယ်တာရာတို့သည် ကောင်းကင်ယံအပြည့် အလှဆင်ထားသော်လည်း... တော်ဝင်နန်းတော်၏ အမြင့်ဆုံးမျှော်စင်ပေါ်တွင် ခန့်ညားစွာ ရပ်နေသော လူတစ်ယောက်၏ မျက်ဝန်းထဲတွင်တော့ မည်သည့်အလင်းရောင်မှ ထင်ဟပ်ခြင်းမရှိပေ။
လေအေးတစ်ချက် တွန်းတိုက်လာတိုင်း သူဝတ်ဆင်ထားသည့် အနက်ရောင်ဝတ်ရုံရှည်ကြီးသည် လေထဲတွင် နောက်သို့ တဖြည်းဖြည်း လွင့်မျောနေ၏။
သူ၏ သန်မာလှသော လက်နှစ်ဖက်သည် မျှော်စင်လက်ရန်းပေါ်တွင် တည်ငြိမ်စွာ တင်ထားပြီး၊ ပန်းပုထုထားသကဲ့သို့ ချောမောလွန်းလှသည့် မျက်နှာပေါ်တွင်တော့ မည်သူမျှ ဖတ်မရနိုင်သော၊ အေးစက်ခက်ထန်လွန်းသော အမူအရာကသာ အမြဲတမ်း ကြီးစိုးနေသည်။ ဆွဲဆောင်မှုရှိလှသည့် ခဲရောင်မျက်ဝန်းတစ်စုံကတော့ စကြဝဠာကြီး၏ ကြယ်စုတန်းများကိုသာ အဓိပ္ပာယ်မဲ့စွာ စိုက်ကြည့်နေမိသည်။
အင်ပါယာတစ်ခုလုံးက ထိုလူကို ကွယ်ရာတွင်ရော ရှေ့တင်တွင်ပါ ကြောက်ရွံ့ရိုသေစွာဖြင့်... "အေးစက်တဲ့ ဘုရင်လောင်း" ဟု တီးတိုးခေါ်ဆိုကြသည်။
ထရီလျံခေတ်ကောင်း။
Aurelia Empire ၏ တစ်ဦးတည်းသော အိမ်ရှေ့မင်းသား။
ယခုနှစ်တွင် အသက်နှစ်ဆယ့်ကိုးနှစ် အရွယ်သို့ ရောက်ရှိနေပြီဖြစ်သော ထိုမင်းသားကြီးတွင်... လောက၌ မည်သည့်လူသားမျှ မသိနိုင်သော အမှောင်ဆုံး လျှို့ဝှက်ချက်တစ်ခု ရှိနေသည်။ ၎င်းကတော့ သူသည်... အနာဂတ်၏ ဖြစ်ရပ်အချို့ကို ကြိုတင်မြင်နိုင်သော ဆန်းကြယ်သည့် စွမ်းအားကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။
ဒေါက်... ဒေါက်... ဒေါက်...
ဆိတ်ငြိမ်နေသည့် လေထုကို စည်းချက်ကျကျ ထွက်ပေါ်လာသော ခြေလှမ်းသံတစ်ချို့က ဖြိုခွင်းလိုက်သည်။ တော်ဝင်အကြံပေး အယ်ဒရစ်သည် ခေတ်ကောင်း၏ အနောက်ဘက်တွင် ဒူးတစ်ဖက်ထောက်၍ ရိုသေစွာ ဦးညွှတ်လိုက်၏။
"Your Imperial Highness..."
ခေတ်ကောင်းက ချက်ချင်း လှည့်မကြည့်သေးဘဲ ကောင်းကင်ကြီးကိုသာ ငေးမြဲငေးနေဆဲ။
"Time Observatory တော်ဝင်စောင့်ကြည့်ရေးဌာနကနေ အရေးပေါ်အချက်ပြစနစ် ပေးပို့ထားပါတယ်၊ မင်းသား။"
"ဘာဖြစ်လို့လဲ။"
အသံက အမြဲလိုပင် တည်ငြိမ်အေးစက်နေသည်။ လှိုင်းကနိမ့်ခြင်းမရှိ၊ မြင့်ခြင်းမရှိဘဲ ခံစားချက်ကင်းမဲ့နေသည့် အသံမျိုး။
"Time Rift..."
အယ်ဒရစ်သည် ထိုစကားလုံးကို ဆိုရင်း လည်ချောင်းထဲတွင် တံတွေးကို ခက်ခဲစွာ မျိုချကာ ခဏရပ်သွားသည်။
"အချိန်ကွဲကြောင်းကြီး ပြန်ပေါ်လာပါတယ် ဘုရား။"
ထိုစကားကြောင့်ပင် ပတ်ဝန်းကျင်၏ လေထုသည် ပို၍ လေးလံမွန်းကျပ်သွားသလို ခံစားရသည်။ ခေတ်ကောင်း၏ မျက်တောင်ရှည်အစုံတို့သည် သိသိသာသာ တစ်ချက်မျှသာ လှုပ်ခတ်သွားခဲ့၏။
"ဘယ်နေရာမှာလဲ။"
"Imperial Observatory ရဲ့ အောက်ခြေ မြေအောက်ခန်းမကြီးမှာပါ။ သိပ္ပံပညာရှင်တွေရဲ့ ထုတ်ပြန်ချက်အရ Portal ရဲ့ Energy Level က အလွန်မတည်ငြိမ်ဘူးလို့ ပြောပါတယ်။ အချိန်မရွေး ပြန်ပြီး ပျောက်ကွယ်သွားနိုင်ပါတယ် ဘုရား။"
Time Rift...
ရှေးဟောင်းသမိုင်း မှတ်တမ်းအဟောင်းများထဲတွင်သာ ဒဏ္ဍာရီတစ်ခုလို တည်ရှိခဲ့သော အမည်နာမတစ်ခု။ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဟူသော အချိန်နှင့် အာကာသကို တစ်ဆက်တည်း ဆက်သွယ်ပေးနိုင်သည့် ဆန်းကြယ်လွန်းလှသော ကွဲကြောင်းကြီး။ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီအတွင်း အင်ပါယာသမိုင်း၌ တစ်ကြိမ်သာ ပေါ်ထွက်ခဲ့ဖူးသည်ဟု ဆိုကြသည်။
သို့သော်လည်း... ထိုအချိန်ကွဲကြောင်းတံခါးကို အောင်မြင်စွာ ဖြတ်သန်းသွားနိုင်ခဲ့သူ မည်သူတစ်ဦးတစ်ယောက်မျှ မရှိခဲ့ဖူးချေ။
ခေတ်ကောင်းသည် ကြယ်များကို စိုက်ကြည့်နေဆဲ... ရုတ်တရက် ထိုအခိုက်အတန့်တွင်ပင်။
သူ့၏ ဦးနှောက်ထဲသို့ ပြင်းထန်လှသော ပုံရိပ်တစ်ခုက အာရုံခြောက်ပါးလုံးကို လှုပ်ခါလျက် ရုတ်တရက် တိုးဝင်လာခဲ့သည်။
၎င်းက မိုးသည်းထန်စွာ ရွာသွန်းနေသည့် မြင်ကွင်းတစ်ခု။
ညစ်ပေလှသည့် မြေပြင်ပေါ်တွင် တစ်စုံတစ်ယောက်က သူ့၏ လက်ကို အားကိုးတကြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ မည်မျှပင် ကြည့်ရှုပါစေ ထိုလူ၏ မျက်နှာကိုတော့ မှုန်ဝါးဝါးဖြစ်နေ၍ လုံးဝမမြင်ရချေ။ သို့သော် လေထုထဲတွင် နှလုံးသားကို ဆွဲကိုင်လှုပ်ရမ်းနိုင်လောက်သည့် အသံတစ်သံသာ သဲ့သဲ့မျှ ကြားရသည်။
“မင်း ကတိပေးထားတယ်... ခေတ်ကောင်း...”
“ဘယ်လောက်ပဲ ဝေးကွာပါစေ... ဘယ်ဘဝပဲ ရောက်ရောက်... ငါ့ကို ရှာလာမယ်လို့...”
"Your Highness!"
အယ်ဒရစ်၏ စိုးရိမ်တကြီး အော်ဟစ်ခေါ်လိုက်သည့် အသံကြောင့် ခေတ်ကောင်း တစ်ယောက် ချက်ချင်း အသိပြန်ဝင်လာခဲ့သည်။ သူသည် ရင်ဘတ်ထဲက မွန်းကျပ်မှုနှင့်အတူ သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်မိ၏။ ထိုဆန်းကြယ်လှသော အမှတ်ရစရာ ပုံရိပ်များသည်... သူ့ဘဝ၏ အတိတ်တွင်ရော၊ အနာဂတ်တွင်ပါ လုံးဝမရှိခဲ့သင့်၊ မရှိနိုင်ခဲ့သည့် အရာများသာ ဖြစ်သည်။
"သွားမယ်။"
စကားတစ်ခွန်းသာ တိုတိုတောင်းတောင်း ပြောလိုက်ပြီး ခေတ်ကောင်း ရှေ့ကနေ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာလာခဲ့သည်။ အယ်ဒရစ်သည် ချက်ချင်း ထရပ်ကာ အနောက်ကနေ အပြေးအလွှား လိုက်ပါရင်း လျှောက်တင်လိုက်သည်။
"ယာဉ်ပျံ ပြင်ဆင်ပြီးပါပြီ၊ မင်းသား။"
[ Imperial Observatory ]
နန်းတော်၏ အနက်ရှိုင်းဆုံး အောက်ခြေတွင် တည်ဆောက်ထားသည့် Imperial Observatory မြေအောက်အဆောက်အအုံကြီးသည် ကမ္ဘာဦးစက်မှုပညာရပ်များနှင့် ခေတ်လွန်နည်းပညာများ ပေါင်းစပ်ထားသည့် နေရာဖြစ်သည်။
အဖြူရောင် လျှပ်စစ်အလင်းများ စူးရှစွာ ထွန်းညှိထားသော ခန်းမကျယ်ကြီး၏ အလယ်ဗဟိုတည့်တည့်တွင်တော့— အပြာရောင်တောက်ပလှသည့် စွမ်းအင်အလင်းစက်ဝိုင်းကြီးတစ်ခုသည် လေထုထဲတွင် ဝဲကရက်တစ်ခုလို တဖြည်းဖြည်းချင်း အရှိန်အဟုန်ဖြင့် လည်ပတ်နေသည်။
ပတ်ဝန်းကျင်၏ လေထုတစ်ခုလုံးသည် မတည်ငြိမ်မှုများကြောင့် ကွဲအက်နေပြီး၊ လျှပ်စီးသံဆန်းများကလည်း တဖျစ်ဖျစ် မြည်ဟည်းလျက် ရှိနေ၏။
တော်ဝင်သိပ္ပံပညာရှင်များနှင့် ပညာရှိများစွာသည် ပျာပျာသလဲ အလုပ်ရှုပ်နေကြပြီး၊ ရှေ့က Data Screen အားလုံးကို မျက်တောင်မခတ်တမ်း အဆက်မပြတ် စစ်ဆေးနေကြရင်း ထိတ်လန့်တကြား အော်ဟစ်ကုန်ကြသည်။
"Energy Level က ပုံမှန်ထက် ၅ ဆမက မြင့်တက်နေပါတယ်!"
"Portal မတည်ငြိမ်တော့ဘူး! ဟန့်တားလို့ မရတော့ဘူး!"
"Stabilizer စနစ်တွေ အကုန် ပျက်စီးကုန်ပြီ! ထိန်းချုပ်လို့ မရတော့ပါဘူး!"
ထိုဆူညံသောင်းကျန်းနေသည့် ခန်းမအလယ်သို့ အိမ်ရှေ့မင်းသား ခေတ်ကောင်း ခြေလှမ်းကျဲများဖြင့် လျှောက်လှမ်းဝင်ရောက်လာသည်။ သူ့၏ ခဲရောင်မျက်ဝန်းအစုံကတော့ လေထဲက Time Rift အချိန်ကွဲကြောင်းကြီးကိုသာ ငြိမ်သက်စွာ စိုက်ကြည့်နေမိ၏။
ရုတ်တရက်... Portal အတွင်းမှ အပြာရောင်အလင်းရောင်များသည် အဆမတန် ပို၍ စူးရှပြင်းထန်လာပြီး—
ဝုန်း————!!
ခန်းမကြီးတစ်ခုလုံး သေချာပေါက် ကွဲအက်တော့မည့်အလား တစ်ကိုယ်လုံး တုန်ခါသွားရတော့သည်။
"Your Highness! အန္တရာယ်များပါတယ်! နောက်ဆုတ်တော်မူပါဦး!"
အစောင့်တပ်သားများက ဓားများကို ဆွဲထုတ်ကာ ခေတ်ကောင်း၏ ရှေ့ကနေ ကာကွယ်ရန် အော်ဟစ်လိုက်ကြသည်။
ဒါပေမယ့်... ခေတ်ကောင်းကတော့ တစ်လှမ်းမျှ နောက်မဆုတ်ခဲ့ဘဲ ကျောက်ရုပ်တစ်ရုပ်လို မတ်တတ်ရပ်မြဲ။
ထိုအခိုက်အတန့်တွင်... သူ့မျက်လုံးထဲတွင် ထူးဆန်းလွန်းလှသော ပုံရိပ်အသစ်တစ်ခု ထပ်မံ၍ ဖျတ်ခနဲ ပေါ်လာပြန်သည်။
ရှေးဟောင်း စာအုပ်အဟောင်းကြီးတစ်အုပ်... ထိုစာအုပ်ကို ကိုင်ထားသည့် ဖြူစင်လှသော လက်တစ်ဖက်... ပြီးတော့— ကြောက်ရွံ့မှုကြားကနေ မိမိကို စိုက်ကြည့်လာသည့် တောက်ပလှသော အညိုရောင်မျက်ဝန်းတစ်စုံ။
သူ တစ်ခါမှ မမြင်ဖူး၊ မကြုံဖူးသော မျက်ဝန်းစုံ။ ဒါပေမယ့်... ထူးဆန်းစွာပင် ရင်ဘတ်တစ်ခုလုံး နင့်ခနဲ ဖြစ်သွားရလောက်အောင် ရင်းနှီးလွန်းနေသည်။
ဝုန်း!!
Time Rift သည် ရုတ်တရက် ကမ္ဘာပျက်မည့်အလား ပိုမိုကျယ်ပြန့်လာပြီး စူးရှလှသော အပြာရောင်အလင်းတန်းများက ခန်းမတစ်ခုလုံးကို ဝါးမြိုဖုံးလွှမ်းသွားခဲ့သည်။ စက်ပစ္စည်းများ အားလုံးသည် စွမ်းအင်လွန်ကဲမှုကြောင့် တစ်ခုပြီးတစ်ခု မီးငြိမ်းကာ ပိတ်သွားပြီး၊ သတိပေး Alarm သံများက ခန်းမကျယ်ကြီးထဲတွင် ဆူညံစွာ မြည်ဟည်းလာတော့သည်။
"Portal က... Portal က တစ်ဖက်ကမ္ဘာနဲ့ အောင်မြင်စွာ ချိတ်ဆက်သွားပါပြီ!"
"Impossible! မဖြစ်နိုင်တာ!"
"နေဦး... ဒီ Signal တုံ့ပြန်မှုက..."
"လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာက Time Frequency အချိန်လှိုင်း ဖြစ်နေတယ်!"
သိပ္ပံပညာရှင်ကြီးတစ်ယောက်က မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။
ခေတ်ကောင်း၏ ခဲရောင်မျက်လုံးအစုံ အနည်းငယ် ကျဉ်းမြောင်းသွားရ၏။
နှစ်ပေါင်းသုံးရာ...?
Alarm သံများ တဝူးဝူးမြည်နေသည့်၊ အပြာရောင်အလင်းတန်းများ ဖြာထွက်နေသည့် Portal ၏ အလယ်ဗဟိုတည့်တည့်တွင်... လူငယ်တစ်ယောက်၏ ခန္ဓာကိုယ်အရိပ်အယောင်သည် လေထဲတွင် တဖြည်းဖြည်းချင်း ထင်ရှားပြတ်သားစွာ ပေါ်ထွက်လာခဲ့ပါတော့သည်။
Chapter 1 End (16.7.2026 - Thursday)
Next Chapter — Chapter 2: The Boy Who Fell Through Time








