Chapter 1
Part-1
"နေတန်ခိုး.."
"တန်ခိုး အိပ်နေတယ်ဆရာ..."
"ဝသန်မိုး မင်းသူနဲ့စကားပြောတယ်မှလား"
"ပြောပါတယ် ဆရာ"
"တန်ခိုးဘေးမှာ ဒီစာရွက်ထားပေးလိုက်.."
"ဟုတ်ကဲ့.."
"မင်းတို့တွေ ကိုယ်လုပ်စရာရှိတာလုပ်ကြတော့၊ အချိန်မဖြုန်းနဲ့.."
"ဟုတ်ကဲ့ပါ.."
အခန်းထဲက ဆရာထွက်သွားသည်နှင့်
"All A+ သုံးယောက်ထဲမှာ နေတန်ခိုးပဲအမှတ်အများဆုံးနေမှာ"
"ဝသန်မိုး..၊ နေတန်ခိုး Total အမှတ်ဘယ်လောက်လဲ"
"594 တဲ့.."
"ကြည့်ရအောင် ခဏပြပေး.."
ပြပေးဆိုတော့ ပြပေးလိုက်ရသည်။
"နင်နဲ့ကြယ်စင်လင်း အမှတ်ကရော ဘယ်လောက်လဲ"
"ငါက 560၊ ကြယ်စင်လင်းအမှတ်တော့ ငါလည်းမသိဘူး.."
"ကြယ်စင်လင်းအမှတ်က 568 ထင်တယ်၊ စောစောက ငါကြားလိုက်တယ်"
Htoo Chon High School ၏ အထက်တန်း နောက်ဆုံးနှစ် Class A အတွင်းမှာဖြစ်သည်။ တစ်ယောက်တစ်ပေါက်စကားသံတွေကြားထဲမှာလည်း နေတန်ခိုးက အအိပ်မပျက်ပေ။ ကြယ်စင်လင်းကတော့ သူတို့ပြောသမျှကို နေရာမှာထိုင်နေရင်း မသိမသာနားစွင့်နေ၏။ ကြယ်စင်လင်းက စာအရမ်းကြိုးစားသည့်ကျောင်းသားဖြစ်ပြီး ဘယ်ချိန်မဆိုစာကိုပဲ အမြဲတစေလေ့လာနေတတ်သည်။
တန်ခိုးကတော့ သူ့ခုံနေရာမှာအမြဲအိပ်နေတတ်သူဖြစ်ပြီး အမှတ်စာရင်းထွက်လာရင်လည်း အမြဲတမ်းအမှတ်အများဆုံးရတဲ့သူဖြစ်သည်။ တန်ခိုးရသည့်အမှတ်က တော်ရုံဉာဏ်ရည်နဲ့ဆို ဘယ်ကျောင်းသားမှ မရနိုင်သည့်အမှတ်။ တန်ခိုး IQ က သာမန်လူတွေလိုမဟုတ်။ IQ 160+ တောင်မို့ ဘာမဆိုအလွယ်တကူ သင်ယူတတ်မြောက်လွယ်သူဖြစ်သည်။
IQ 160+ ဆိုတာက 0.003% သော လူတွေမှာပဲရှိတဲ့ ဉာဏ်ရည်မျိုးပင်။ ဖြစ်တော့လည်းဖြစ်နိုင်သည်။ တန်ခိုးဦးနှောက်အလုပ်လုပ်ပုံက ကွန်ပျူတာတွေအလုပ်လုပ်သလိုပဲဟု ဆိုကြသည်။ တန်ခိုးကျောင်းမှာ စာကြည့်သည့်အချိန်က စာသင်တဲ့အချိန်နဲ့ စာမေးပွဲဖြေတဲ့အချိန်ပဲရှိ၏။
တန်ခိုးက ဘာသာရပ်တစ်ခုကို လေ့လာတဲ့အခါ အလွတ်ကျက်မှတ်တာမျိုး မလုပ်။ အဲဒီဘာသာရပ်ရဲ့ အခြေခံအကျဆုံး အမှန်တရား (Fundamental Truths) တွေကို အရင်ရှာဖွေတာမျိုးလုပ်သည်။ ပြီးတော့ တန်ခိုးက ဘာသာစကားတိုင်းလိုလိုကို ကျွမ်းကျင်စွာပြောဆိုနိုင်သူလည်းဖြစ်သည်။
တန်ခိုးက အထက်တန်း ပထမနှစ် သူ့အသက် 15 နှစ်မှာကတည်းက အပြည်ပြည်ဆိုင်ရာ သင်္ချာအိုလံပစ် (IMO) နဲ့ ကွန်ပျူတာအိုလံပစ် (IOI) တွေမှာ ရွှေတံဆိပ်ရထားတာတဲ့။ ထို့ကြောင့် တန်ခိုးက IT ပိုင်းမှာလည်း ပြောလောက်အောင်ကျွမ်းကျင်သူဖြစ်၏။ ကျောင်းရဲ့ကိုယ်ပိုင် Website ကို သူကိုယ်တိုင် ရေးပေးထားသည့်အပြင် လုံခြုံရေးလည်း တိုးမြှင့်ပေးထားသေး၏။
တန်ခိုးက နည်းပညာပိုင်းကို ဘယ်လောက်ထိကျွမ်းကျင်လဲဆိုရင် ကျောင်းတက်နေရင်းနဲ့တောင် တရုတ်က Game ကုမ္ပဏီကြီးတစ်ခုမှာ Viral Game တွေ ဖန်တီးပေးပြီးတော့ 5 နှစ်အတွင်းမှာပဲ Billions ချီတဲ့ငွေတွေ ရလာသည်ဟု သတင်းထွက်နေသည်။ တန်ခိုးကိုမေးကြည့်တော့လည်း မဟုတ်ဘူးတဲ့။
တန်ခိုးက တိုက်ရေးခိုက်ရေးနဲ့ အားကစားဘက်မှာလည်း သောက်ရမ်းတော်တဲ့ကောင်ဖြစ်သည်။ အားကစားထဲမှာ တန်ခိုးအကြိုက်ဆုံးက ဘေ့စ်ဘောအားကစားဖြစ်သည်။ တန်ခိုး ဘေ့စ်ဘောပစ်တဲ့နေရာမှာ ပြောစမှတ်တွင်တာရှိသည်။ တန်ခိုးတွက်ချက်မှုမှာ ခန့်မှန်းချေလို့မရှိဘူးတဲ့။ ပစ်လိုက်တဲ့နေရာကို ထိကိုထိရမယ်လို့ပဲရှိသည်။ တန်ခိုးက ဘာမဆို မကျွမ်းကျင်တာမရှိအောင်ကို ဘက်စုံတော်သူဖြစ်၏။
"ကလေးတို့ နေကောင်းကြလား.."
အတန်းထဲကိုဝင်လာတာက အထက်တန်းနောက်ဆုံးနှစ် Class B မှ လူမိုက်ကျောင်းသားအဖွဲ့ဖြစ်သည်။ စုစုပေါင်း 5 ယောက်ဖြစ်ပြီး သူတို့ဝင်လာသည်နှင့် တစ်ခန်းလုံး တိတ်ဆိတ်သွား၏။ ထိုထဲမှတစ်ယောက်က နောက်ဆုံးခုံမှာထိုင်နေသည့်ကျောင်းသားကို မပြောမဆို ခြေထောက်နဲ့ကန်ထုတ်ပစ်လျက်...
"ငါတို့ဝင်လာတာကိုမမြင်ဘူးလား ခွေးကောင်ရ၊ လုပ်လိုက်ရင် သေတော့မယ်"
ထိုကျောင်းသား၏ စာရေးခုံမှာ လူမိုက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ခိုင်ခံ့ဝင်ထိုင်သည်။ ခိုင်ခံ့က ကုပ်ချောင်းချောင်းလုပ်နေသည့် ဝသန့်ကိုမြင်သွားပြီး...
"ဝသန်မိုးဆိုတဲ့ကောင်၊ အဲဒီစာရွက် ဒီကိုယူလာခဲ့.."
"ဒါက တန်ခိုးအမှတ်စာရင်းမို့ပါ.."
ဖိန်း!
ဘတ်စကတ်ဘောလုံးက ဝသန်မိုးမျက်နှာနဲ့နည်းနည်းပဲလွဲသွားပြီး Blackboard ကို သွားထိတာဖြစ်သည်။
"မင်းက ငါ့ဘောလုံးကိုရှောင်ရဲတယ်ပေါ့လေ..၊ ဘယ်သူ့အားကိုးနဲ့လဲ ခွေးကောင်ရ.."
ခိုင်ခံ့ဆောင့်အော်လိုက်တဲ့အသံကြောင့် ဝသန်ပျာယာခက်သွားပြီး...
"အဲလိုမဟုတ်ပါဘူး ငါက.."
"အဲဒီစာရွက်ကို ငါ့ဆီယူလာခဲ့၊ မြန်မြန်လာ.."
ထို့ကြောင့် ခိုင်ခံ့ဆီအပြေးသွားပြီး ခိုင်ခံ့လက်ထဲ အမြန်ထည့်ပေးလိုက်ရ၏။
"ငါပစ်လိုက်တဲ့ဘောလုံးကို မင်းကရှောင်ရဲတယ်ပေါ့လေ.."
ပြောပြီး ဝသန့်ပါးကို ခပ်ဆတ်ဆတ်ရိုက်ပစ်သည်။
"ဖြေလေ ခွေးကောင်ရ.."
"မဟုတ်ပါဘူး.."
"ဘာကို မဟုတ်တာလဲ.."
"ငါ မရှောင်ရဲပါဘူး.."
"မင်းရှောင်လိုက်ပါတယ် ခွေးကောင်ရ.."
ဝုန်း!
ဝသန့်ခါးကို ဆောင့်ကန်လိုက်သဖြင့် စာသင်ခုံနဲ့ဝင်စောင့်မိသွား၏။ ခါးတစ်ခုလုံးအောင့်မျက်သွားပေမဲ့ အသံထွက်အောင်မအော်ရဲသဖြင့် ခေါင်းငုံ့ငြိမ်နေလိုက်ရသည်။ တန်ခိုးကတော့ အိပ်မြဲတိုင်းအိပ်နေလျက်။
"နေတန်ခိုးက သူ့ဘော်ဒါအရိုက်ခံနေရတာတောင် ငြိမ်နေပါ့လား၊ သူ့အတွက် အရေးကြီးတဲ့ အမှတ်စာရင်းကိုလည်း စိတ်ဝင်စားပုံမရဘူး..၊ သူ့အိမ်မှာ ကြွားရမဲ့လူ မရှိလို့များလား.."
"ဟား.. ဟား.. ဟား.."
"ဒီလိုဆိုမှတော့ သူစိတ်ဝင်စားလောက်မဲ့ဟာ ထုတ်ပြပေးလိုက်ပေါ့ကွ မင်းကလည်း.."
"အဲလိုဆိုရင်ရော သခင်လေးနေတန်ခိုးအနေနဲ့ စိတ်ဝင်စားလောက်မလား.."
ခိုင်ခံ့တို့ကောင်တွေ တန်ခိုးကို သက်သက်ပြဿနာလာရှာကြတာဖြစ်သည်။ တန်ခိုးကအဖက်မလုပ်တာကိုပဲ လာလာစနေကြတာ။
"နေတန်ခိုးက တစ်ယောက်တည်းနေရတယ်ဆိုပေမဲ့ သူ့မိသားစုက ဘယ်လောက်ချမ်းသာတယ်ဆိုတာ မင်းတို့ကောင်တွေသိကြတယ်မလား.."
"သူဌေးသားလည်းဖြစ်တယ်၊ စံပြကျောင်းသားလည်းဖြစ်တယ်ဆိုတော့ ထောင်လွှားနိုင်တာပေါ့.."
"ဟား.. ဟား.. ဟား.. အားကျမိပါတယ်ကွာ"
"ဒါနဲ့ နေတန်ခိုး Father ကြီးနာမည်က ဘယ်သူပါလိမ့်.."
"ဦးနေစစ်လေကွာ၊ Yangguang Groupရဲ့ ဥက္ကဌကြီး.."
"ဪ.. ဪ..၊ ဒါနဲ့ အဲဒီလူကြီးရဲ့ သားအကြီးဆုံးနာမည်က နေစစ်ရေးမှလား၊ သားအလတ်ကျတော့ နေစစ်တမ်းတဲ့၊ အငယ်ဆုံးသားကျမှ နေတန်ခိုးဖြစ်နေတယ်၊ ပြောကြည့်စမ်း ဟေ့ကောင်တွေ၊ ဘာကွာသွားတာလဲ.."
"အမေကွာတာပေါ့ကွ၊ အမေ.. အမေ.."
"ဪ.. အဲလိုလား"
"နေတန်ခိုးက Yang မျိုးရိုးရဲ့တရားဝင်သားမဟုတ်ပေမဲ့လို့ သူ့ Father ကြီးက သူ့ကို သားအဖြစ်တော့ အသိအမှတ်ပြုထားပါတယ်ကွ.. မင်းတို့ကောင်တွေကလည်း.."
"Wa u! ဖြောင်း! ဖြောင်း! ဖြောင်း!၊ သခင်လေးနေတန်ခိုးကို ဂုဏ်ပြုလိုက်ကြလေကွာ.."
သူတို့ဘာသာပြောချင်ရာပြောပြီး လက်ခုပ် လက်ဝါးဝိုင်းတီးကြ၏။ တန်ခိုးက သူတို့ဘာပြောပြော အရေးမစိုက်ပေ။ အိပ်နေရာမှထလာပြီး စာအုပ်တချို့ကို သူ့ကျောပိုးအိတ်ထဲကောက်ထည့်သည်။ မျက်နှာထားကလည်း အေးစက်ပြီး ဘာခံစားချက်မှမရှိသလိုပင်။
တန်ခိုးမိသားက ခိုင်ခံ့တို့ပြောသလို ခန့်မှန်းလို့မရအောင် ချမ်းသာသည့် Trillionarie တွေဟုကြားဖူး၏။ တရုတ်လူမျိုးတွေဖြစ်ကြပြီး Yangguang (ယန်ကွမ်း) လို့အမည်တွင်သည့် လုပ်ငန်းစုကြီးကို ပိုင်ဆိုင်ထား၏။ တန်ခိုးကတော့ ခိုင်ခံ့တို့ကောင်တွေပြောသလို ဥက္ကဌကြီး၏ တရားမဝင်သားအဖြစ် လူသိများသည်။
"ဒါနဲ့ ဟေ့ကောင်တွေ၊ နေစစ်ရေးဆိုတဲ့လူက ယူထားတဲ့မိန်းမကြီးငုတ်တုတ်ရှိရက်နဲ့ တခြားမိန်းမတွေနဲ့ပွေရှုပ်တယ်ဆိုပြီး နာမည်ကြီးတဲ့လူမှလား.."
"သူ့အဖေသွေး ပါလာတာနေမှာပေါ့၊ Generation လေကွာ.."
"နေစစ်တမ်းဆိုတဲ့ဘဲကြီးကတော့ ထိပ်တန်း Super Star မင်းသားတစ်ယောက်ဖြစ်နေတာတောင် မိန်းမရှုပ်တယ်လို့ တစ်ခါမှအသံမထွက်ဖူးဘူးဆိုပဲ၊ မဟုတ်မှ ယောက်ျားချင်းရှုပ်တဲ့သူများလား..၊ ဘဲကြီးက ရုပ်ကလည်းချော Body ကလည်းဖြောင့်ဆိုတော့.."
ဖိန်း!
"အာ့!"
"နားငြီးတယ်၊ ဝေးဝေးသွားပြော.."
တန်ခိုးပစ်လိုက်တဲ့ရေသန့်ဘူးက ခိုင်ခံ့မျက်ခွက်ကို တည့်တည့်ထိမှန်သွားတာဖြစ်သည်။ တန်ခိုးက ကျောင်းရဲ့ဘေ့စ်ဘောချန်ပီယံမို့ လက်ကချိန်လိုက်ရင် ချိန်လိုက်တဲ့နေရာကွက်တိပါဆို။ ခိုင်ခံ့နောက်လိုက်တွေက မကျေမနပ်ဖြစ်နေကြလျက်...
"ဒီကောင် သေချင်ပြီထင်တယ်"
"ဟေ့ကောင်တွေ နေပါစေ"
တန်ခိုးက သူ့အိတ်ကိုကောက်လွယ်ပြီး အပြင်ထွက်ဖို့လုပ်သဖြင့် ဝသန်လည်းခုံပေါ်ကအိတ်ကို အမြန်ကောက်ယူပြီး တန်ခိုးနောက်မှာ ခပ်ကုပ်ကုပ်ရပ်လိုက်၏။ တန်ခိုးက အရပ်မြင့်ပြီးလူကောင်ထွားသူမို့ သူ့နောက်မှာရပ်နေလိုက်ရင် ဝသန့်တစ်ကိုယ်လုံးကွယ်သွားပြီး လုံခြုံသွားသလိုခံစားရ၍။
"ဟေ့ကောင် နေတန်ခိုး၊ ဒါဘာလဲ ကြည့်သွားဦး.."
တန်ခိုးက တစ်ချက်မှလှည့်မကြည့်ဘဲ ခြေလှမ်းကျဲကြီးနဲ့ လျှောက်ထွက်သွား
၏။ ဝသန်လည်း တန်ခိုးနောက်က ခပ်သွက်သွက်ကပ်လိုက်နေမိရင်း...
"တန်ခိုး သူတို့လက်ထဲမှာ မင်းဖုန်းလေးထင်တယ်၊ တစ်ခါတလေမင်းထုတ်ထုတ်ကြည့်တဲ့ ဖုန်းလေး.."
တန်ခိုးခြေလှမ်းတွေ တုံ့ခနဲရပ်သွားသဖြင့် ဝသန်ပါ လိုက်ရပ်လိုက်ရသည်။ တန်ခိုးက ခိုင်ခံ့ကိုင်မြှောက်ပြနေသည့် iPhone အသေးလေးကို သေချာစိုက်ကြည့်ပြီးမှ ခိုင်ခံ့ကို ခပ်နက်နက်စိုက်ကြည့်၏။
"ဟေ့ကောင်တွေ.. နေတန်ခိုးက တကယ်ကြီး စိတ်ဝင်စားသွားတာကွ ဟား.. ဟား..၊ ဇကွဲ ဟေ့ကောင် မင်းပြောတာမှန်သားပဲ.."
"အဲဒါက မင်းဆီဘယ်လိုရောက်နေတာလဲ"
ခိုင်ခံ့က မခိုးမခန့်ပြုံးလိုက်တာမို့ တန်ခိုးက တစ်တန်းလုံးကို မျက်လုံးတစ်ချက်ဝေ့ကြည့်သည်။ သူ့အိတ်ထဲမှာ အမြဲထည့်ထားတဲ့ပစ္စည်းက ဘယ်လိုဖြစ်ပြီး ခိုင်ခံ့လက်ထဲရောက်သွားတာလဲဆိုသည့် အဓိပ္ပါယ်နဲ့။
ဝသန်လည်း တန်ခိုးနည်းတူလိုက်ကြည့်ရင်း ရှေ့ဆုံးခုံမှာ ခပ်မတ်မတ်ထိုင်နေသည့် ကြယ်စင်လင်းကို သတိထားမိသွား၏။ ဒီကောင်ကတန်ခိုးကို တစ်ချိန်လုံးစောင့်ကြည့်နေတဲ့ကောင်ဖြစ်သည်။ အဲဒီပစ္စည်းက တန်ခိုးတန်ဖိုးထားတဲ့ပစ္စည်းမှန်း ဒီကောင်လည်းရိပ်မိနေလောက်မည်ထင်သည်။
"မင်းပစ္စည်းငါ့လက်ထဲကို ဘယ်လိုရောက်လာလဲဆိုတာ သိချင်နေတာမှလား၊ သိပ်တွေးမနေပါနဲ့ နေတန်ခိုးရာ..၊ ငါလိုချင်ရင် အလွယ်လေးပါ..၊ မဟုတ်ဘူးလား ဟေ့ကောင်တွေ ဟား.. ဟား.. ဟား.."
ပြောပြီး တစ်ဖွဲ့လုံးဝိုင်းဟားကြပြန်၏။
"ဘာများလဲမှတ်တယ်၊ စက်ဖွင့်လို့မရတဲ့ iPhone အစုတ်လေး ဖြစ်နေတာပဲ"
အဲဒီဖုန်းလေးက တန်ခိုးဖွင့်ရင် ရသည်။ ဖုန်း Screen မှာ ကလေးနှစ်ယောက် ရယ်နေကြတဲ့ပုံလေးတောင် ရှိသေးသည်။
"ဖုန်းကအစုတ်ဆိုပေမဲ့ နေတန်ခိုးအတွက်ကျတော့ အမြတ်တနိုးသိမ်းထားချင်တဲ့ပစ္စည်း ဖြစ်ကောင်းဖြစ်သွားနိုင်တာပဲလေ ဟေ့ကောင်တွေရ၊ ဘာကြောင့်ပါလိမ့်.."
တန်ခိုးမျက်နှာက အေးစက်မှုန်မှိုင်းနေရာမှ ခက်ထန်စပြုလာ၏။ ပြီးတော့ လက်သီးကိုလည်း တင်းတင်းကျပ်ကျပ်ဆုပ်ထား၏။ တန်ခိုး ဒေါသထွက်လာပြီဖြစ်သည်။
"မင်းတို့ငါ့ဆီက ဘာလိုချင်တာလဲ.."
"ငါတို့ခေါင်းဆောင်နဲ့ စကားလိုက်ပြောရုံပဲ"
"ဘာအတွက်လဲ.."
"ငါတို့ခေါင်းဆောင်က မင်းကိုဒီကျောင်းရဲ့ခေါင်းဆောင် လုပ်စေချင်တယ်၊ မင်းဆိုရင် တစ်ကျောင်းလုံးက.."
"စိတ်မဝင်စားဘူး.."
"ချက်ချင်းဆုံးဖြတ်ဖို့က စောပါသေးတယ်၊ မင်းဖုန်းက ငါ့လက်ထဲမှာ.."
ဝှစ်!
တန်ခိုးအိတ်က ခိုင်ခံ့မျက်ခွက်ကိုထိမှန်သွားပြန်၏။ ခိုင်ခံ့နောက်လိုက်လေးကောင်က တန်ခိုးဆီပြေးဝင်လာကြသည်။ ဝသန်က တန်ခိုးလို Action ပိုင်းမရသူမို့ ချောင်မှာပြေးကပ်နေလိုက်ရ၏။ တန်ခိုးကတော့ ဘာမဆိုမတတ်မြောက်တာမရှိ။ မလုပ်တတ်ဘူးဆိုတာလည်းမရှိဘူး။
ဒုန်း!
တန်ခိုးကခြေတံရှည်သူမို့ ခိုင့်ခံ့နောက်လိုက်တစ်ကောင်၏မျက်ခွက်ကို ခြေဖျားနဲ့ကန်ထည့်လိုက်တာဖြစ်သည်။ ထိုကောင် အဝေးကိုလွင့်စင်သွားပြီး စာသင်ခုံကိုဒုန်းခနဲတိုက်မိသွား၏။ ဝသန်ကြားထဲကနေ မျက်နှာရှုံ့ထားလိုက်မိသည်။ နာလိုက်မဲ့ဖြစ်ချင်း။
နောက်တစ်ကောင်ကလည်း တန်ခိုးမျက်နှာကို အားကုန်ပြေးထိုး၏။ တန်ခိုးက အသာလေးရှောင်လိုက်ပြီး ထို့ကောင့်ပေါင်ကြားကို တည့်တည့်ကန်ချလိုက်သဖြင့် ထိုကောင့်မျက်နှာရှုံ့မဲ့သွားကာ သူ့ပေါင်ကြားသူလက်နဲ့အုပ်၍ လဲကျသွားလေသည်။ အိုက်ယား.. ဒီထိချက်ကတော့ အနာတကာ့အနာဆုံးဖြစ်လိမ့်မည်။
"ဇကွဲ ဟေ့ကောင် ဘာလုပ်နေတာလဲ၊ ဝင်ချလေ ခွေးကောင်ရ.."
ဇကွဲက တန်ခိုးတစ်ချက်ကြည့်ရုံနဲ့တင် ရှေ့တက်မလာရဲပေ။
"သွားလို့ ခွေးကောင်ရ.."
ခိုင်ခံ့ကဇွတ်တွန်းလွှတ်သဖြင့် ဇကွဲရှေ့တက်လာပြီး တန်ခိုးဆီအူယားဖားယားပြေးဝင်၏။ တန်ခိုးက ထို့ကောင်လည်ဂုတ်ကိုအသာလေး ဖမ်းဆွဲလိုက်လျှင်...
"ဟေ့ကောင် လွှတ်စမ်း"
အာ့!
တန်ခိုးက ထိုကောင့်မျက်ခွက်ကို စာသင်ခုံနဲ့ဆောင့်ချလိုက်တာဖြစ်သည်။ ထိုအတိုင်း လေးငါးချက်ဆက်တိုက်ဆောင့်ချပြီးမှ လွှတ်ပေးလိုက်၏။ နောက်ဆုံးတစ်ကောင်က တန်ခိုးကိုအလစ်ဝင်လုံးသဖြင့် ထိုကောင့်မျက်ခွက်ကိုလည်း တန်ခိုးကလေးငါးချက်လောက်ဆင့်ထိုးပစ်သည်။
ထိုကောင်တွေ အလဲလဲအပြိုပြိုဖြစ်နေပြီး တစ်ကောင်မှ ပြန်ထမလာနိုင်တော့ပေ။ ထိုမြင်ကွင်းအား တစ်တန်းလုံးတိတ်တဆိတ်ဝိုင်းကြည့်နေကြစဉ် ခိုင်ခံ့ဆိုတဲ့ကောင်က လစ်ပြေးဖို့ပြင်၏။
"တန်ခိုး ခိုင်ခံ့ပြေးပြီ"
တန်ခိုးက သူ့ဘောင်းဘီအိတ်ထဲမှ လက်ရှိကိုင်နေတဲ့ iPhone ကိုထုတ်ယူလိုက်ပြီး ခိုင်ခံ့နောက်ကျောကိုသေချာချိန်၍ အားကုန်ပစ်ပေါက်လိုက်၏။
ဝှစ်!
အာ့!
ထိချက်ကပြင်းသဖြင့် ခိုင်ခံ့ဆိုတဲ့ကောင် ကျောကော့သွား၏။ တန်ခိုးကခိုင်ခံ့ဆီ လေအလျင်နဲ့ပြေးသွားပြီး ခိုင်ခံ့မျက်ခွက်ကို ခြေအစုံနဲ့ပစ်ကန်၏။ ခိုင်ခံ့နေရာမှာ လဲကျသွားမှ ခိုင်ခံ့ဆံပင်ကိုအကြမ်းပတမ်းဆွဲယူ၍...
"ငါ့ပစ္စည်း ဘယ်မှာလဲ"
ခိုင်ခံ့ အိတ်ထဲကနေ ထုတ်ပေးရတော့သည်။တန်ခိုးက ဖုန်းလှမ်းပေးသည့် ခိုင်ခံ့လက်ကောက်ဝတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး နောက်လှန်ချိုး၏။ ခိုင်ခံ့တစ်ယောက် တန်ခိုးအားကိုမခုခံနိုင်ရှာ။
"အား... အာ့၊ ငါမင်းပစ္စည်း ပြန်ပေးလိုက်ပြီ နေတန်ခိုး၊ ငါ့လက်ကို အား.."
ခိုင်ခံ့တစ်ယောက် လက်ကောက်ဝတ်ကိုဆုပ်ကိုင်ပြီး ငယ်သံပါအောင် အော်တော့သည်။ ခိုင်ခံ့လက်ကောက်ဝတ်က ကျိုးသွားတာဖြစ်သည်။ ခိုင်ခံ့လက်ထဲမှလွတ်ကျသွားသည့်ဖုန်းလေးကို တန်ခိုးက ကောက်ယူလိုက်ပြီး သူ့ဘောင်းဘီအိတ်ထဲ အသာပြန်ထည့်လိုက်သည်။
ပြီးတော့ တစ်ယောက်ကိုမှ ပြန်လှည့်မကြည့်ဘဲ အခန်းထဲကတောက်လျှောက်ထွက်ခွာသွား၏။ ဝသန် ကြယ်စင်မင်းရှိရာကို အမှတ်မထင်လှမ်းကြည့်မိလျှင် ကြယ်စင်မင်းမျက်နှာကအေးစက်နေပြီး တန်ခိုးနောက်ကျောကို သေချာစိုက်ကြည့်နေ၏။ ပြီးတော့ မခိုးမခန့်တစ်ချက်ပြုံးလိုက်သည်။
ဝသန်တစ်ယောက် တန်ခိုးနောက်ကို အသည်းအသန်ပြေးလိုက်ရတော့သည်။
"တန်ခိုး ငါ့ကိုစောင့်ဦး၊ ဒီမှာမင်းအိတ်.."
ထိုအခါမှ ဝသန့်ဆီကအိတ်ကိုစောင့်ယူပြီး ရှေ့ကပြန်လျှောက်၏။
"တန်ခိုး.. အဲဒီဖုန်းလေးက မင်းတန်ဖိုးထားရတဲ့ပစ္စည်းလား.."
တန်ခိုးက ဘာမှပြန်မဖြေပါ။ တန်ခိုးက သူ့ကိုယ်ရေးကိုယ်တာကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ အရေးတယူပြောပြလေ့မရှိ။ ဝသန်ကိုယ်တိုင်လည်း တန်ခိုးကိုသူ့မိသားစုအကြောင်း တစ်ခါမှမမေးဖူးသလို မေးလည်းမမေးရဲပါ။
"တန်ခိုး.. ငါ့အထင်မင်းပစ္စည်းကို စီနီယာတို့လက်ထဲ ထည့်ပေးလိုက်တာ ကြယ်စင်လင်းဖြစ်နေမလားမသိဘူး.."
တန်ခိုးက စိတ်ဝင်စားဟန်မပြဘဲ ဆက်လျှောက်သည်။
"မင်းသူ့ကို သတိထားလို့ရအောင်ပြောပြတာပါ၊ ကြယ်စင်လင်းက မင်း (1) ဖြစ်နေတာကို သိပ်မကြိုက်ဘူးထင်တယ်"
"အဲဒါ ဘာလုပ်ရမှာလဲ.."
"ဟို.. မင်းသူ့ကို သတိထားဖို့ပြောတာ..၊ ကြယ်စင်လင်းက မြေအောက်ဂိုဏ်းကလူတွေနဲ့ ပတ်သက်နေတယ်ဆိုလားပဲ၊ မင်းသတိထားမိလားတော့ မသိဘူး၊ ကြယ်စင်လင်းကို ခိုင်ခံ့တို့အုပ်စု အနိုင်မကျင့်ရဲကြဘူး"
တန်ခိုးကတကယ်ကို ဘာမှစိတ်မဝင်စားတာဖြစ်သည်။ တန်ခိုးစိတ်ဝင်စားတာ ဒီကျောင်းမှာ ဘာမှမရှိဘူး။ ဝသန်က ဒီကျောင်းကို ဒီနှစ်မှစကောလားရှစ်နဲ့ တက်ရောက်ခွင့်ရခဲ့သူဖြစ်၏။ ကြယ်စင်လင်းကလည်း ဒီကျောင်းကို ဒီနှစ်မှပြောင်းလာတဲ့ ကျောင်းသားသစ်ဖြစ်သည်။
သူတို့ကျောင်းနာမည်က ထူးချွန်အထက်တန်းကျောင်းဖြစ်သလို အမှန်တကယ်မှာလည်း ထူးချွန်သည့်ကျောင်းသားအများစုသာ တက်ရောက်ခွင့်ရသည့်ကျောင်းဖြစ်သည်။ ကျောင်းသားတစ်ယောက်အနေနဲ့ ဒီကျောင်းမှာ တက်ခွင့်ရဖို့ စာတော်ဖို့လိုသည့်အပြင် ကျောင်းစရိတ်တတ်နိုင်ဖို့လည်းလို၏။ ဝသန်က ချို့တဲ့သူမို့ ဒီကျောင်းကိုတက်ချင်ရက်နဲ့ မတက်နိုင်ခဲ့။
ဒီနှစ်မှ တခြားကျောင်းက ထူးချွန်သောကျောင်းသားများကို စကောလားရှစ်နဲ့ တက်ရောက်ခွင့်ပေးသဖြင့် စကောလားရှစ်ရအောင်ကြိုးစားပြီး လာတက်ခွင့်ရခဲ့တာဖြစ်သည်။ ဝသန်က ဘယ်ကျောင်းမှာတက်တက် အနိုင်ကျင့်ခံရတာချည်းပဲ။ ဝသန့်ပုံစံက အကောင်သေးပြီး Weak ဖြစ်သဖြင့် အမြဲလိုလိုလူမိုက်ကျောင်းသားများ၏ ပစ်မှတ်ဖြစ်နေတတ်သည်။
သို့သော် ဒီကျောင်းရောက်လာတော့ ကံကောင်းထောက်မစွာပဲ တန်ခိုးနဲ့တစ်ခန်းတည်းနေခွင့်ရခဲ့၏။ တန်ခိုးက အရပ်မြင့်သည့်အပြင် ရုပ်ရည်လည်းချောမောသူမို့ စမြင်ကတည်းက တန်ခိုးကိုသတိထားမိခဲ့တာဖြစ်သည်။ ပြီးတော့ တန်ခိုးက အတန်းထဲမှာ ဘယ်သူနဲ့မှလည်း စကားပြောလေ့မရှိ။
ဝသန်နဲ့တန်ခိုးသိကျွမ်းမှုက ဝသန့်အား ခိုင်ခံ့တို့လူမိုက်အုပ်စုရိုက်နှက်နေတာကို ဝင်ကူညီပေးခဲ့ရာမှ စတင်ခဲ့တာဖြစ်သည်။ တန်ခိုးက ဘယ်သူ့ကိုမှစိတ်မဝင်စားဘဲ သူ့ဘာသာနေတတ်သူဖြစ်သဖြင့် အဲအချိန်တုန်းက ဝသန်အနိုင်ကျင့်ခံရတာကိုမသိခဲ့သလို စိတ်လည်းမဝင်စားခဲ့ပေ။
ဝသန်က ကျောင်းသားသစ်ဖြစ်သဖြင့် ခိုင်ခံ့တို့အဖွဲ့၏ အနိုင်ကျင့်ခြင်းကို မကြာခဏခံခဲ့ရသူဖြစ်သည်။ ပြီးတော့ ဝသန်က မျက်မှန်ပါဝါများသူမို့ မျက်မှန်တပ်မထားရင် ဘာကိုမှသေချာမမြင်ရ။ ခိုင်ခံ့တို့အဖွဲ့က ဝသန့်မျက်မှန်ကို တမင်သိမ်းထားပြီး တစ်နေ့လုံးမျက်မှန်မပါဘဲ စာသင်စေသည်။ နေ့တိုင်း အဲလိုပဲလုပ်နေသဖြင့် အိမ်ကနေမျက်မှန်အပိုတစ်လက် ဝှက်ယူလာခဲ့ရတော့သည်။
ဒါကို ခိုင်ခံ့တို့အုပ်စုသိသွားတော့ နောက်မျက်မှန်အပိုကိုလည်း သိမ်းယူသွားပြန်၏။ ဝသန်အသနားခံပေမဲ့လည်းမရ။ ထို့ကြောင့် အတန်းပိုင်ဆရာ့ကို သွားတိုင်ပစ်လိုက်သည်။ ဆရာ ခိုင်ခံ့တို့ကိုခေါ်ဆူသည့်နေ့က ဝသန့်ကိုမကျိုးရုံတမယ် ကန်ကျောက်ရိုက်နှက်ခြင်းခံရတဲ့နေ့ဖြစ်သွား၏။
ဝသန့်မှာ အဲဒီနေ့ကစပြီး သူတို့အဖွဲ့၏ ရိုက်နှက်ခြင်းကို နေ့တိုင်းခံခဲ့ရသည်။ တစ်နေ့ ဝသန်အတန်းထဲမှာ အရိုက်ခံနေရစဉ် နေတန်ခိုးအတန်းထဲဝင်လာတာနဲ့ကြုံ၏။ ခိုင်ခံ့တို့တစ်ဖွဲ့လုံးကို တန်ခိုးက သူ့ပညာတွေ ထုတ်သုံးချလိုက်တာ ခိုင်ခံ့တို့တစ်ဖွဲ့လုံး ကွေးသွားကြသည်။ အဲဒီနေ့က တန်ခိုး Action Skill ကို ငေးကြည့်နေမိတာ တန်ခိုးအခန်းထဲက ပြန်ထွက်သွားတဲ့အထိပဲ။
အဲဒီနောက်ပိုင်း ဝသန်နဲ့တန်ခိုး ဘော်ဒါတွေဖြစ်သွားကြ၏။ အမှန်က တန်ခိုးနောက်ကို တကောက်ကောက်လိုက်ပြီး စကားလိုက်ပြောတာမျိုး၊ မုန့်လိုက်ပေးတာမျိုး အဲလိုအမျိုးမျိုးလိုက်လုပ်ခဲ့ရတာဖြစ်သည်။ နောက်ဆုံးတော့ တန်ခိုးက နားငြီးသွားလို့ထင်သည်။ ဝသန့်ကို သူ့ဘော်ဒါအဖြစ်လက်ခံလိုက်၏။
ခိုင်ခံ့တို့အဖွဲ့ သူ့ကိုဘယ်လိုပဲရန်စစ တန်ခိုးကတစ်ခွန်းမှမတုံ့ပြန်တတ်။ တန်ခိုးပုံစံကအေးစက်စက်နိုင်ပေမဲ့ ကြည့်ကောင်းချောမောသူမို့ ကျောင်းရဲ့ Star လည်းဖြစ်နေသေးသည်။ ထို့ကြောင့် ကျောင်းမှာတန်ခိုးကိုမသိတဲ့သူ တစ်ယောက်မှမရှိ။
တန်ခိုးထူးချွန်သည့်သတင်းကတော့ တခြားကျောင်းတွေအထိတောင် ပျံ့နှံ့သည်။ တန်ခိုးက ဘယ်ကိစ္စမဆို သူနဲ့မဆိုင်သလိုနေတတ်ပေမဲ့ ဝသန့်ကိုတော့ မကြာခဏကူညီတတ်သည်။ တန်ခိုးပုံစံက အေးစက်စက်မို့ရိုင်းတဲ့ပုံပေါက်ပေမဲ့လို့ လူကောင်းတစ်ယောက်ပါ။
"တန်ခိုး မင်းပြန်တော့မှာလား.."
"အင်း.."
"ငါအချိန်ပိုင်းလုပ်နေတဲ့ Mini Market ကကွန်ပျူတာကို ခဏလိုက်ကြည့်ပေးလို့ရမလား.."
ဝသန်ကကျောင်းဆင်းတာနဲ့ အချိန်ပိုင်းအလုပ်လိုက်လုပ်ရသူဖြစ်သည်။ Mini Market တစ်ခုမှာ Cashier ဝင်လုပ်နေတာဖြစ်ပြီး ညတိုင်း 12 ထိုးမှအိမ်ပြန်ရ၏။ တန်ခိုးကသခင်လေးမို့ သူ့ကိုကျောင်းပို့ကျောင်းကြိုလုပ်ပေးမဲ့ Driver တောင်ရှိသည်။
"မင်း မအားရင်လည်းရပါတယ်"
"မင်းအလုပ်က ဘယ်ချိန်လဲ"
"ည 7 နာရီကနေ 12 ထိ.."
တန်ခိုးမျက်နှာမှာ ထူးဆန်းတဲ့အရိပ်အယောင်တချို့ ဖြတ်ပြေးသွားတာ တွေ့ရ၏။
"ငါ ဒါကြောင့်.. ကျောင်းမှာအသည်းအသန်စာကျက်ရတာ ဟီး.."
"ငါ လိုက်ကြည့်ပေးမယ်"
"အိုက်ယား.. တကယ်ကြီးလား.."
ဝသန်ဝမ်းသာသွားပြီး တန်ခိုးပေါ်ခုန်တက်ပစ်လိုက်၏။ တန်ခိုးက ဝသန့်ကိုယ်လောက်ကို အေးဆေးပဲဖြစ်သည်။ တန်ခိုးနဲ့ဝသန့် Size difference က ဆင်နဲ့ဆိတ်လောက်ဟုပြောရမလိုပင်။ တန်ခိုးအရပ်က 190 Cm ဖြစ်ပြီး ဝသန်က175 Cm တောင်မပြည့်ချင်။ တန်ခိုးက ဝသန့်ကိုဖမ်းကြိုပြီးမှ အေးဆေး အောက်ပြန်ချပေး၏။
"Sorry! တန်ခိုး၊ ငါပျော်သွားလို့ ဟီး.."
တန်ခိုးမျက်နှာက ထုံးစံအတိုင်း မျက်နှာသေ နဲ့ပဲဖြစ်ကာ ထူးခြားပြောင်းလဲနေတာမျိုး ဘာတစ်ခုမှမတွေ့ရ။ ငယ်ငယ်လေးကတည်းက တစ်ယောက်တည်းနေလာတာကို အသားကျနေတဲ့ပုံစံပင်။ ဝသန်ဘယ်လောက်သွက်သွက် တန်ခိုးပုံစံကအေးစက်စက်ပဲဖြစ်သည်။
ကျောင်းပြင်ကိုရောက်တော့ တန်ခိုးကိုလာကြိုသည့် ကားမည်းလေးက အဆင်သင့်ရောက်နေပြီ။ တန်ခိုးဒရိုင်ဘာက တန်ခိုးအတွက် အဆင်သင့်တံခါးဖွင့်ပေးထား၏။
"တက်.."
"ငါတက်ရမှာလား.."
တန်ခိုးက ဝသန့်ခေါင်းကိုဖမ်းကိုင်ပြီး စိတ်မရှည်သလိုမျိုး ကားထဲကိုစွက်ခနဲထိုးထည့်လိုက်သဖြင့် ကြောင်တောင်တောင်နဲ့ ကားထဲဝင်ထိုင်လိုက်ရ၏။ တန်ခိုးက ဝသန့်ဘေးခုံမှာဝင်ထိုင်သည်။ ပြီးတော့ ဒရိုင်ဘာကြီးကိုကြည့်၍...
"Shopping Mall အရင်ဝင်မယ်"
"ဘာလိုအပ်လို့လဲ သခင်လေး.."
"ဖုန်းဝယ်မှာ.."
"ဪ.. ဟုတ်ကဲ့ပါ.."
ထိုအခါမှ တန်ခိုးဖုန်းက ခိုင်ခံ့ကိုပစ်ပေါက်ရင်း အတန်းထဲမှာကျကျန်ရစ်ခဲ့တာမှန်း သတိပြန်ဝင်၏။ တန်ခိုးက iPhone 6 လေးကိုပဲ ကောက်သိမ်းလာခဲ့တာဖြစ်သည်။ Shopping Mall ကိုရောက်တော့ ဖုန်းဆိုင်တစ်ဆိုင်ထဲဝင်ပြီး သူ့အရင်ဖုန်းအတိုင်း တထေရာတည်းပြန်ဝယ်၏။ တန်ခိုးဝယ်လိုက်တာက Apple ၏ နောက်ဆုံးထွက် Seriesထဲကတစ်ခု။
ထို့နောက် သူ့ဘောင်းဘီအိတ်ထဲက Black Card နဲ့ ထုတ်ရှင်းသည်။ Cashier အစ်မက တန်ခိုးကို ကွက်ကြည့်ကွက်ကြည့်လုပ်နေရင်း...
"ဟိုလေ..၊ မောင်လေးက နေစစ်တမ်းညီလေးလားဟင်.."
တန်ခိုးမျက်နှာ တင်းသွား၏။ တန်ခိုးက 18 မပြည့်သေးသူမို့ သူ့အစ်ကို၏ Supplementary Card ကို ယူသုံးရသည်ဟု ကြားဖူးသည်။ ငွေသုံးစွဲသူက တန်ခိုးဖြစ်နေပေမဲ့လို့ အမှန်တကယ်ငွေရှင်းသူ၏အမည်မှာ မင်းသားနေစစ်တမ်းဖြစ်နေပုံပင်။
"ရပါပြီ၊ ကျေးဇူးပါနော် မောင်လေး.."
တန်ခိုးရှေ့ကို Black Card ပြန်ရောက်လာတာနဲ့ကောက်ယူပြီး ဘောင်းဘီဘေးအိတ်ထဲပြန်ထည့်သည်။ ဖုန်းကိုလည်းဘောင်းဘီဘေးအိတ်ထဲပဲ ထပ်ထည့်ပြီး ရှေ့ကနေထွက်သွား၏။ ဝသန်လည်း တန်ခိုးနောက်က ခက်သွက်သွက်လိုက်လျှောက်ရတော့သည်။
"သူ့ကိုကြည့်ပြီး ချောလိုက်တာလို့တွေးနေတာ၊ နေစစ်တမ်းညီလေး ဖြစ်နေတာပဲ အား..၊ အရပ်ကလည်း အမြင့်ကြီးပဲ"
"ဟိုက အသက်မပြည့်သေးဘူးနော်၊ အထက်တန်းကျောင်းဝတ်စုံနဲ့.."
"ချောလို့ချောတယ်ပြောတာ အသက်ပြည့်မှပြောရမှာလား.."
"ဒါဆို အား..လို့အော်တာကရော ဘာလဲ"
"အား..ဆိုတာက မတ်ဖြစ်သူကို အကောင်လိုက်ကြီးမြင်လိုက်ရလို့အော်တာ ရပြီလား.."
"တော်တော်တတ်တယ်နော်.."
ဝန်ထမ်းအစ်မတွေ တစ်ယောက်တစ်ခွန်းပြောကျန်ခဲ့တာဖြစ်သည်။ တန်ခိုးအတွက်က ရိုးနေလောက်ပြီဆိုပေမဲ့ ဒီလိုအပြောခံရတိုင်းတန်ခိုးပုံစံက ပိုအေးစက်သွားတတ်သည်။ ထိပ်တန်းသရုပ်ဆောင်၏ ညီလေးဖြစ်ရတာ ဘယ်နေရာကမကောင်းလို့လဲ။ မျက်နှာတောင် ပွင့်သေးတာကို။
ဖုန်းဆိုင်ကထွက်လာပြီးတော့ စာရေးကိရိယာဆိုင်တစ်ခုမှာ လိုအပ်တာတွေဝင်ဝယ်ဖြစ်ကြသည်။ တန်ခိုးကသူ့ Card ထုတ်ပြီး ဝသန့်အတွက်ပါ စိုက်ရှင်းပေး၏။ ထိုဆိုင်မှ Cashier အစ်မကလည်း တန်ခိုးကို နေစစ်တမ်းညီလေးလားဟု မေးပြန်သည်။ ထုံးစံအတိုင်း တန်ခိုးကလည်းပြန်မဖြေပါ။
လိုအပ်တာတွေအားလုံးဝယ်ပြီးသွားတော့ တန်ခိုးက ဝသန့်ကိုစားသောက်ဆိုင်တစ်ခုထဲခေါ်သွားပြီး ကြိုက်တာမှာစားဟုပြောသဖြင့် စားပွဲနှင့်အပြည့်မှာလိုက်သည်။ တန်ခိုးနောက်လိုက်လာသည့်အခါတိုင်း အခုလိုပဲစိတ်ကြိုက်မှာစားရလေ့ရှိသဖြင့် အားလည်းမနာဖြစ်တော့ဘူး။ တန်ခိုးကတော့ ညနေစာကိုထမင်းအနည်းငယ်နှင့် အဆီမပါသည့်ကြက်ပေါင်းတစ်တုံး၊ အစိမ်းနံ့မပါရုံကြော်ထားသည့် Broccoli နဲ့မှို ဒါပဲစားသည်။
Juice အနေနဲ့လည်း နို့ဆီနဲ့သကြားမပါဝင်တဲ့ အသီးဖျော်ရည်စစ်စစ်တစ်ခွက်ပဲ မှာသောက်၏။ ဒါကြောင့် တန်ခိုး Body က သောက်ရမ်းမိုက်နေတာဖြစ်လိမ့်မည်။ ဝသန်ကတော့ မှာထားသမျှကို ကုန်နိုင်သမျှကုန်အောင်စားသည်။ မကုန်တာကို ညလယ်စာစားဖို့ ပါဆယ်ထုတ်လာခဲ့လိုက်၏။ ဝသန်ဘာလုပ်လုပ် တန်ခိုးက ဘာမှမပြော။
"တန်ခိုး ညနေစာအတွက် ကျေးဇူး.."
တန်ခိုးကဘာမှမတုံ့ပြန်ဘဲ ကားထဲဝင်ထိုင်သည်။ ဝသန်လည်း တန်ခိုးနည်းတူ ကားထဲဝင်ထိုင်လိုက်ရ၏။
"မင်းဆိုင်လိပ်စာ ပြောပြလိုက်"
ထို့ကြောင့် Driver ကြီးအား လိပ်စာတစ်ခုအမြန်ရွတ်ပြလိုက်ရသည်။ နောက်နာရီနေတော့ ပြည်လမ်းပေါ်မှာရှိတဲ့ Mini Market တစ်ခုသို့ရောက်လာ၏။ တန်ခိုးက ဒါရိုင်ဘာကြီးကို ကြည့်၍...
"ကျွန်တော် နေခဲ့လိုက်မယ်..၊ ပြန်လိုက်တော့"
"သခင်လေး၊ ဒီနေ့ ကားဝပ်ရှော့မသွားတော့ဘူးလား.."
"အင်း.."
"ဟုတ်ကဲ့ပါ.."
"တန်ခိုး.. မင်းက ကားဝပ်ရှော့မှာ ဘာသွားလုပ်တာလဲ၊ အဲ.."
"သခင်လေးက ကားဝပ်ရှော့ကိုသွားပြီး ကားတစ်စီးလုံးကို သူ့စိတ်ကြိုက် ကိုယ်တိုင် ပြင်ဆင်နေတာပါ"
"နည်းပညာ သုံးပြီးတော့လား.."
"ဟုတ်ပါတယ်၊ သခင်လေးက ကုမ္ပဏီက ထည့်ပေးလိုက်တဲ့ Operating System ကို အပြီးဖျက်ပစ်လိုက်ပြီးတော့ သူ့ဘာသာ Custom Linux OS နဲ့ AI မောင်းနှင်မှုစနစ် Code တွေကို အစကနေ ပြန်ရေးထည့်နေတာ၊ ကားအတွက်လိုအပ်တဲ့ စွမ်းအင်စီးဆင်းမှုကိုလည်း သူ့ရဲ့ ကိုယ်ပိုင် Algorithm နဲ့ ထိန်းချုပ်ထားလိုက်တာ..၊ ကားကုမ္ပဏီကတောင် လှမ်းထိန်းချုပ်လို့ မရနိုင်တော့ဘူး.."
"ဪ..."
တန်ခိုးမလုပ်နိုင်တာ ဘာမှမကျန်တော့ဘူးထင်သည်။ သခင်လေးဘဝက ကောင်းလိုက်တာ။ သူတို့လေ့လာချင်တာမှန်သမျှကို အချိန်ဇယားညှိပြီး တစ်ခုပြီးတစ်ခုလေ့လာနေရုံပဲ။ တန်ခိုးလို သူများနဲ့မတူတဲ့ IQ ရှိဖို့လည်းလိုတာပေါ့လေ။
"တန်ခိုး.. မင်းမအားဘူးဆိုရင်လည်း"
"ရတယ်၊ မင်းရှေ့ကသွား.."
ဝသန် Mini Marketထဲကို ရှေ့ကဝင်လာပြီး ပြင်ဆင်စရာရှိတာပြင်ဆင်ရင်း တန်ခိုးမသိတာတွေကို အတိုချုံးရှင်းပြလိုက်၏။ တန်ခိုးက သင်ယူတတ်မြောက်လွယ်သူမို့ ခဏလေးနဲ့ Cashier အစစ်ဖြစ်သွားသည်။ ဆိုင်က ကွန်ပျူတာကိုလည်း စစ်ဆေးပေးသေး၏။ ဆိုင်ထဲမှာတန်ခိုးရှိတာနဲ့ ဈေးဝယ်သူတွေမပျက်တော့ပေ။
တန်ခိုးကိုခေါ်လာမိကာမှ ပိုပင်ပန်းဖို့ဖြစ်လာသလိုပင်။ တန်ခိုးကတော့ သူ့အလုပ်လိုလိုက်လုပ်နေလိုက်တာ တစ်ချက်မှမညည်းဘူး။ သို့သော် ဆိုင်အတွင်းဘက်က Screenပေါ်မှာ ကြော်ငြာတွေတစ်ခုပြီးတစ်ခုလာနေတာကိုတော့ လှမ်းကြည့်ပုံရသည်။ တန်ခိုးအကြည့်က တစ်ချက်တစ်ချက် အဲဒီကို ရောက်ရောက်သွားတတ်၍။
ထိုစဥ် မင်းသားနေစစ်တမ်း၏ Facial Cleanser ကြော်ငြာအသစ်တစ်ခုကို အမှတ်မထင်တွေ့လိုက်သဖြင့် ဝသန်လည်းသေချာကြည့်ဖြစ်သွားသည်။ မျက်နှာသစ်ဆေးကြော်ငြာမို့ မင်းသားမျက်နှာကို အနီးကပ်ရိုက်ပြထား၏။ မျက်ခုံးမွှေးနှင့်မျက်တောင်မွှေးများကို တစ်ပင်ချင်းစီမြင်နေရတဲ့အထိကို အနီးကပ်ရိုက်ပြထားတာ။
မင်းသားမျက်နှာတစ်ပြင်လုံးမှာ ရေစက်တွေရှိနေသဖြင့် ဆွဲဆောင်မှုပိုရှိနေသလိုပင်။ မျက်လုံးအကြည့်ကို အနီးကပ်ရိုက်ပြလာသည့်ရိုက်ချက်တွင် မျက်လုံး၏ကြည်လင်တောက်ပမှုကို အနီးကပ်ကြီးမြင်တွေ့ခွင့်ရလိုက်၏။ ကြည်လက်နေသည့် မျက်သားဖြူဖြူမှာ သွေးကြောမျှင်သေးသေးလေးတွေကလွဲပြီး ဘာအစွန်းအထင်းမှမရှိ။
"တန်ခိုး မင်းအစ်ကိုမျက်လုံးက အပြင်မှာလည်း အခုလိုကြည်တောက်နေတာပဲလား.."
တန်ခိုးလည်း သူ့အစ်ကိုကြော်ငြာအသစ်ကို သေချာကြည့်နေတာဖြစ်သည်။ မျက်တောင်တစ်ချက်မှမခက်ဘဲ စိုက်ကြည့်နေတာဖြစ်ပြီး မျက်လုံးတွေကတော့ အေးစက်နေလျက်။ ဝသန်မေးတာကိုလည်း မဖြေဘဲနေသဖြင့် ထပ်မမေးတော့ဘဲ ကြော်ငြာကိုပဲ အာရုံပြန်စိုက်ထားလိုက်ရသည်။
မင်းသား၏ နှာတံစင်းစင်းနှင့်နီမြန်းမြန်း နှုတ်ခမ်းအစုံကိုလည်း အနီးကပ်ရိုက်ပြထား၏။ နှာတံသွယ်စင်းပုံက ဘယ်နေရာမှပြစ်ချက်မရှိအောင်ကို သွယ်စင်းနေတာမျိုးဖြစ်သည်။ နီမြန်းမြန်းနှုတ်ခမ်းအစုံကလည်း မထူမပါးနှင့်အနားသတ်တွေညီ၏။
မျက်နှာကြည်လင်ကြောင်းကို အနီးကပ်ရိုက်ပြရင်း ပါးရိုးကနေ Jaw Line အထိ သွယ်စင်းလာပုံက သူ့မျက်နှာမှာ အဆီပိုလုံးဝမရှိကြောင်းကို တစ်ခါတည်းပြောပြလိုက်သလိုပင်။ ထိုမှတစ်ဆင့် လည်ဇလုပ်လှုပ်ခတ်သွားပုံကို သိသာအောင်ရိုက်ပြပြန်သည်။ လည်တိုင်တစ်လျှောက်မှာလည်း ရေစက်တို့တွဲခိုလျက်။
အပေါ်ပိုင်း Shirtless ဖြစ်သဖြင့် ရေစက်တချို့ထင်ကျန်နေသည့် ရင်အုပ်ကျယ်ကျယ်က ယောက်ျားဆန်ဆန်ဆွဲဆောင်မှုရှိသည်။ အသားအရည်ကလည်း သောက်ရမ်းကောင်းချက်ပဲ။ ရိုက်ချက်တိုင်းက အကြည့်လွှဲချင်စရာမရှိလောက်အောင်ကို မိမိုက်လွန်းနေ၏။ တန်ခိုးအစ်ကိုက အပြင်မှာလည်း တော်တော်လေး ချောမောကြည့်ကောင်းလောက်မည်ထင်သည်။
"တန်ခိုး.. မင်းအစ်ကိုက အပြင်မှာလည်း ကြည့်ကောင်းမှာပဲနော်.."
"မကောင်းဘူး.."
"ငါတော့မယုံဘူး၊ မင်းတောင် ဒီလောက်ကြည့်ကောင်းနေတာ.. မင်းအစ်ကိုက မင်းသားပဲဟာ..၊ အပြင်မှာ ဒီထက်ပိုကြည့်ကောင်းမှာသေချာတယ်"
တန်ခိုးက ဘာမှမတုံ့ပြန်တော့ပေ။ တန်ခိုးက အရပ်ရှည်ပေမဲ့ စိတ်တော့ သိပ်မရှည်တတ်။ တန်ခိုးဆံပင်ပုံစံက Mid Fade မို့ ဘေးပါးပြီး ကြည့်လို့ကောင်းသည်။ မျက်နှာက အေးစက်စက်နဲ့ အသက်မပါတဲ့ မျက်လုံးတွေ ပိုင်ဆိုင်ထားသေး၏။ ဒါပေမဲ့လည်း တန်ခိုးပုံစံကို တော်တော်များများက စိတ်ဝင်စားကြသည်။
"ဒါလေး ရှင်းမယ်နော်"
တန်ခိုးက Costumer ယူလာသည့် ပစ္စည်းတစ်ခုချင်းစီကို Scanဖတ်ပြီး ဈေးနှုန်းတွက်ချက်ပေးသည်။
"နှစ်သိန်းတစ်သောင်း.."
"Card နဲ့ပဲ ရှင်းလိုက်မယ်နော်.."
"ရတယ်.."
ပြောပြီး Costumer ချပေးသည့် Card ကိုယူ၍ POTစက်ထဲ ထည့်လိုက်၏။ ထို့နောက် Customer ပေးချေရမည့် ငွေ Amount ရိုက်ထည့်သည်။ Costomer မိန်းကလေးက သူ့ကို ဂရုတစိုက်ကြည့်နေသော်လည်း တန်ခိုးက အလုပ်ထဲကိုပဲ အာရုံစိုက်နေ၏။
ဒီကောင် အလုပ်ကလွဲရင် ဘယ်သူ့ကိုမှအာရုံထဲထည့်ထားမဲ့ပုံမမြင်။ ဒီကမ္ဘာမှာ နေတန်ခိုးအာရုံစိုက်တဲ့သူရော ရှိပါ့မလား။ အခွင့်အရေးရှိမယ်ဆိုရင်တော့ သိချင်သေးသည်။ နေတန်ခိုးကို အာရုံစိုက်အောင် လုပ်နိုင်တဲ့သူက ဘယ်သူလဲဆိုတာကိုပေါ့။
:::::::::::::::






![Werewolf Hollow [GALATEA DATE TBA]](https://cdn-gcs.inkitt.com/vertical_storycovers/ipad_76bbf380fa2e8dc2f70694197487ab81.jpg)


😭😭😭စောင့်နေခဲ့တာနောက်ဆုံးတော့အသစ်လေးဖတ်ကပီအမြဲအားပေးနေတယ်မနှောင်းကို🤗
10.9.2026🖤
မမနှောင်းဘယ်သွား''လိုက်နေရတာ ချစ်လိုက်တာမမရယ်😭😍😍